မိသားစုထမင်းဝိုင်း
မိသားစုထမင်းဝိုင်း
ဖေဖေရှိတုန်းက မိသားစုထမင်းဝိုင်းလေးမှာ အားလုံးနီးပါး အတူတူစားဖြစ်ကြတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒါဟာ မိသားစုဘဝရဲ့ သာမန်အရာတစ်ခုလို့ပဲ ထင်ခဲ့တယ်။ ထမင်းစားရင်း ပြောကြတဲ့စကားတွေ၊ အပြန်အလှန်မေးကြတာတွေ၊ တစ်ခါတလေ အငြင်းပွားကြတာတွေကိုတောင် အရေးကြီးတယ်လို့ မထင်ခဲ့ဘူး။
တခါတစ်ရံ ဖေဖေက အလုပ်က မောမောပန်းပန်းနဲ့ ပြန်လာတာတောင် ထမင်းဝိုင်းမှာ လူစုံဖို့ ထိုင်စောင့်နေတာမျိုးတွေ ရှိခဲ့ဖူးတယ်။
“ထမင်းဝိုင်း လူစုံအောင်တဲ့…”
အဲဒီတုန်းကတော့ ဖေဖေ ဘာကြောင့် လူစုံအောင် စောင့်နေတယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားခဲ့ကြဘူး။
ဖေဖေမရှိတော့တဲ့နောက် အိမ်ရဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့်ရော၊ အရင်ကလို လူစုံအောင် ထိုင်စောင့်ခဲ့တဲ့ ဖေဖေ မရှိတော့တာကြောင့်ရော ထမင်းအတူစားဖြစ်တဲ့အချိန်တွေဟာ တစတစ နည်းလာခဲ့တယ်။
အခုလိုအချိန်ရောက်မှ အဲဒီအရာလေးရဲ့ တန်ဖိုးကို ပြန်သတိထားမိလာတယ်။
တစ်အိမ်တည်းမှာ နေနေကြတယ်။
တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးလည်း မဟုတ်ပါဘူး။
ဒါပေမယ့် ဘယ်သူက တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိတော့ပါဘူး။
ဒီနေ့ ဘာတွေစိတ်ညစ်ခဲ့လဲ၊
ဘာတွေကို ပျော်ခဲ့လဲ၊
ဘာတွေကို စိတ်ပူနေလဲ၊
ဘယ်အရာကို ရင်ဖွင့်ချင်လဲ—
ပြောစရာအချိန်နဲ့ နေရာ မရှိတော့ဘူး။
အဲဒီအခါ မိသားစုနဲ့အတူရှိနေပေမယ့် တစ်ယောက်တည်းဖြစ်နေသလို ခံစားလာရတယ်။ ရင်ထဲမှာရှိတာတွေ ပြောပြစရာနေရာမရှိတော့တဲ့အခါ တဖြည်းဖြည်းနဲ့ မွန်းကျပ်လာတယ်။
အခုချိန်မှာတော့ ဖေဖေ လူစုံအောင် ထိုင်စောင့်ခဲ့တဲ့ မိသားစုထမင်းဝိုင်းလေးဆိုတာ ထမင်းစားတဲ့နေရာတစ်ခုတည်း မဟုတ်ဘူး ဆိုတာကို သတိရပြီး နားလည်မိလာတယ်။
အဲဒီအချိန်တုန်းက ဖေဖေက ဘာကြောင့် လူစုံအောင် ထိုင်စောင့်နေခဲ့လဲဆိုတာ ကျွန်တော်တို့ မသိခဲ့ကြဘူး။
အခုမှ နားလည်လာတယ်။
သူစောင့်ခဲ့တာ ထမင်းစားဖို့တစ်ခုတည်း မဟုတ်ဘူးထင်တယ်။
မိသားစုလူစုံဖို့၊ တစ်နေ့တာအကြောင်းတွေ ပြောဖို့၊ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိနေဖို့ စောင့်ခဲ့တာဖြစ်မယ်။
မိသားစုလက်စုံစားတဲ့ ထမင်းဝိုင်းလေး ရှိနေသေးရင်—
မိသားစုဝင်တွေ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် ပြန်တွေ့ဖြစ်မယ်။
တစ်ယောက်ရဲ့အခြေအနေကို တစ်ယောက် သိလာမယ်။
စကားပြောဖြစ်မယ်။
မပြောဖြစ်ခဲ့တဲ့အရာတွေ ပြောဖြစ်လာမယ်။
ပြဿနာတွေကို တိုင်ပင်ဖြစ်မယ်။
ကလေးတွေကလည်း မိဘတွေနဲ့ ပိုရင်းနှီးလာမယ်။
အရေးကြီးဆုံးကတော့ ငယ်ငယ်က ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့ နွေးထွေးလုံခြုံတဲ့ “ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး” ဆိုတဲ့ ခံစားချက်ကို ရစေမယ်။
ထမင်းဝိုင်းဆိုတာ ထမင်းစားတဲ့နေရာတစ်ခု မဟုတ်ဘူး။
မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့တဲ့နေရာ၊
ရင်ထဲကစကားတွေ ပြောဖြစ်တဲ့နေရာ၊
ပြဿနာတွေကို တိုင်ပင်ဖြစ်တဲ့နေရာ၊
တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာတဲ့နေရာ၊
ပြီးတော့ “ငါတစ်ယောက်တည်း မဟုတ်ဘူး” လို့ ခံစားရတဲ့နေရာတစ်ခုပါ။
ဖေဖေရှိတုန်းကတော့ မိသားစုထမင်းဝိုင်းရဲ့ တန်ဖိုးကို မမြင်ခဲ့ဘူး။ အခုတော့ ဖေဖေမရှိတော့တဲ့အပြင် အဲဒီထမင်းဝိုင်းလေးလည်း ပျောက်လာတဲ့အခါမှ အဲဒီဝိုင်းလေးက ကျွန်တော်တို့မိသားစုကို ဘယ်လောက်တောင် နီးနီးကပ်ကပ် ဆက်ထားပေးခဲ့လဲဆိုတာ နားလည်လာတယ်။
တစ်ခါတလေ ဘဝမှာ ကိုယ့်အနားမှာရှိနေတုန်းက တန်ဖိုးမထားမိခဲ့တဲ့ အရာလေးတွေကို ဆုံးရှုံးသွားပြီးမှ တန်ဖိုးကို သိလာတတ်တယ်။
ကျွန်တော်တို့မိသားစုတွေမှာလည်း အဲဒီလို မိသားစုထမင်းဝိုင်းလေးတွေ မပျောက်သွားပါစေနဲ့။
ဌေးမောင်
21Aug2026


Comments
Post a Comment