လိင်ကိစ္စဟာ သဘာဝပါ

 လိင်ကိစ္စဟာ သဘာဝပါ

လိင်စိတ်ရှိတာဟာ လူသားတွေရဲ့ သဘာဝတစ်ခုပါ။ ဒါကြောင့် အဲဒီစိတ်ရှိတာကိုယ်တိုင်ကို အပြစ်တစ်ခုလို မမြင်သင့်ဘူး။

လူငယ်တစ်ယောက်ကို လိင်အကြောင်း မပြောရုံနဲ့ လိင်စိတ်က ပျောက်သွားမှာ မဟုတ်ဘူး။

ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်၊ ထုံးတမ်းအစဉ်အလာတွေနဲ့ လူကြီးတွေရဲ့ ရှေးရိုးစွဲအမြင်တွေကြောင့် လိင်ကိစ္စနဲ့ ပတ်သက်ပြီး သင်ယူခွင့်မရ၊ မေးလို့မရ၊ ပြောလို့မရ၊ တိုင်ပင်လို့မရတဲ့အခါ သိသင့်တာကို မသိဘဲ ကြားရာ၊ မြင်ရာကနေ ကိုယ်တိုင်ဆုံးဖြတ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်။

အဲဒီအခါ လက်တလောသာယာမှုနဲ့ လိင်ကိစ္စဆိုင်ရာ အသိပညာမရှိမှုတွေက အမှားဘက်ကို ရွေးမိသွားဖို့ အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပါတယ်။

လိင်ကိစ္စကို မသိနားမလည်ဘဲ ဖိနှိပ်ထားခြင်း၊ ပြောဆိုတိုင်ပင်စရာ မရှိခြင်းတွေကြောင့် အချို့လူငယ်တွေမှာ စိတ်ရှုပ်ထွေးမှုတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ပွင့်လင်းစွာ ပြောဆိုတိုင်ပင်တယ် ဆိုတာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမဆို လုပ်ခွင့်ပေးတာ မဟုတ်ပါဘူး။

“ဘာက သဘာဝလဲ၊ ဘာက အန္တရာယ်ရှိလဲ၊ ဘာက တာဝန်ရှိတဲ့ဆုံးဖြတ်ချက်လဲ”

ဆိုတာတွေကို သိနိုင်အောင် ပွင့်လင်းစွာ ပြောဆိုနိုင်တာမျိုးကို ဆိုလိုတာပါ။

အတွေ့အကြုံမရှိတာကိုယ်တိုင်က ပြဿနာမဟုတ်ပါဘူး။

အတွေ့အကြုံမရှိတဲ့အပြင် အသိပညာမရှိ၊ တိုင်ပင်စရာမရှိဘဲ ဆုံးဖြတ်လိုက်တာကမှ ပြဿနာဖြစ်နိုင်တာပါ။

အချစ်နဲ့ လိင်စိတ်ကို ခွဲခြားမသိတာ၊ တစ်ဖက်လူရဲ့ စကားကို မမှန်ကန်ဘဲ ယုံကြည်မိတာ၊ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ခဏတာ စိတ်ခံစားချက်နဲ့ ချလိုက်တာတွေက နောက်ပိုင်းမှာ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။

လူငယ်တစ်ယောက်ရဲ့ဘဝဟာ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖြစ်လာတဲ့ ရမက်စိတ်တွေနဲ့ လွှမ်းမိုးမနေသင့်ဘူး။

ချစ်တယ်ဆိုတာ မမှားဘူး။

လိင်ဆန္ဒရှိတာလည်း မမှားဘူး။

ဒါပေမယ့် အဲဒီခံစားချက်တွေကြောင့် ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်နေတဲ့အချိန်တွေ အားလုံးကို ရုတ်တရက် ဆုံးရှုံးသွားတာကတော့ နှမြောစရာပါ။

အချစ်ရှိလို့ ဘဝကို ရပ်ထားဖို့ မလိုဘူး။

လိင်စိတ်ရှိလို့ ကိုယ့်အနာဂတ်ကို မေ့ထားဖို့လည်း မလိုဘူး။

ကိုယ့်ဘဝကို တည်ဆောက်နေရင်း အချစ်ကိုလည်း နားလည်နိုင်တယ်။

လိင်ကိစ္စဟာ ရှက်စရာမဟုတ်ပါဘူး။

မသိဘဲနေခြင်းကသာ တစ်ခါတလေ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

သဘာဝကို သဘာဝအတိုင်း လက်ခံပြီး အသိပညာ၊ တာဝန်ယူမှုနဲ့ လေးစားမှုရှိရှိ နားလည်တတ်ဖို့ပဲ လိုပါတယ်။

“လိင်ကိစ္စကို ပွင့်လင်းစွာ နားလည်ထားခြင်းဟာ လိင်စိတ်နောက်ကို လိုက်ဖို့ သင်ပေးတာမဟုတ်ဘူး။ ကိုယ့်ရဲ့ လိင်စိတ်ကို နားလည်ပြီး ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ သင်ပေးတာပါ။”


ဌေးမောင်

25Aug2026

Maung - မောင်

Comments

Popular posts from this blog

ရသာ စွဲစွဲ၊ အရင်း ဆုတ်ဆုတ်

မိသားစုထမင်းဝိုင်း