ရသာ စွဲစွဲ၊ အရင်း ဆုတ်ဆုတ်
ဒီရက်ပိုင်းထဲ လမ်းလျောက်များပြီး ဒူးနာနေတော့ အိမ်မှာ ငြိမ်ငြိမ်လေး နေဖြစ်ရင်း စာဖတ်တာ၊တရားနာတာတွေလုပ်ဖြစ်တယ်။
ပါချုပ်ဆရာတော်ကြီးရဲ့ ရသတဏာဆိုတဲ့ တရားလေးကို ထပ်ခါထပ်ခါနာရင်း ဖောင်းဖောင်းလေးဖြစ်နေတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး ဆင်ခြင်မိတာလေး မျှဝေတာပါ။
တရားထဲမှာ
တိဿမထေရ်ဟာ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတဲ့သူ၊ တစ်နေ့မှာ မြတ်စွာဘုရားရှင်ထံ တရားနာရပြီးနောက် လောကီဘဝကိုစွန့်ပြီး ရဟန်းပြုချင်စိတ် ဖြစ်လာပါတယ်။ မိဘတွေက ရဟန်းမပြုစေချင်ကြဘူး။ တိဿကလည်း ရဟန်းပြုလိုတဲ့စိတ် ပြင်းထန်ပြီး အစားအသောက်ကို ခုနစ်ရက် မစားဘဲနေပြီး မိဘရဲ့ ခွင့်ပြုချက်ကို ရယူခဲ့တယ်။ နောက်ဆုံးမှာ မိဘတွေက တိဿကို ရဟန်းပြုဖို့ ခွင့်ပေးလိုက်ရတယ်။
တိဿ ရဟန်းပြုပြီး နောက်ပိုင်း ရာဇဂြိုဟ်မှာ ပွဲတော်တစ်ခု ကျင်းပလာတယ်။ အဲ့အချိန်မှာ တိဿရဟန်းရဲ့ မိဘတွေက "အရင်ကဆို ဒီလိုပွဲတွေမှာ သားလေးက ဒီအဝတ်အစားတွေ ဝတ်ပြီး ပွဲတော်ကို ဆင်နွှဲတတ်တယ်။ အခုတော့ သားက သာသနာ့ဘောင်ထဲဝင်သွားပြီ" ဆိုပြီး ဝမ်းနည်းငိုကြွေးကြတယ်။ အဲ့အချိန်မှာ ကျွန်မ တစ်ယောက်က (ပြည့်တန်ဆာ) ငိုရင်းအကြောင်းကိုမေးလို့ သိရှိပြီး အပေးအယူ တစ်ခုလုပ်ပြီးတော့ သူပြန်ခေါ်ပေး မယ် ဆိုပြီးပြောတယ်။ အဲ့ဒီ ကျွန်မ က တိဿရဲ့မိဘကို တိဿ ကြိုက်တဲ့အစားအစာတွေ မေးပြီးပြန်သွားခဲ့တယ်။
နောက်နေ့က စပြီး ကျွန်မဟာ တိဿရဟန်း ကြိုက်တဲ့အစား အသောက်တွေကို နေ့စဉ်ရက်ဆက် လောင်းပါတော့တယ်။ တိဿရဟန်းလည်း သတိမထားမိပါဘဲ ကျွန်မ လောင်းတဲ့ဆွမ်း၊ဆွမ်းဟင်းတွေ ကို စွဲနေမိတယ်။ အချိန်တစ်ခု ကြာတဲ့တစ်ရက်မှာ ကျွန်မဟာ တိဿရဟန်းကို နေမကောင်းဘူးဟု ဆိုပြီး ဆွမ်းမလောင်းတော့ဘဲ နေလိုက်တယ်။
တိဿရဟန်း ဆွမ်းခံကြွလာတဲ့အခါ ကျွန်မရဲ့ အိမ်ကလူတွေက သူ့ဆွမ်းပန်းကန်ကိုယူပြီး အိမ်ထဲမှာထိုင်စေပါတယ်။ တိဿက "အလှူရှင် အမ ဘယ်မှာလဲ" မေးတော့ “နေမကောင်းဖြစ်နေပါတယ်။ အရှင်ကို တွေ့ချင်နေပါတယ်" ပြောချိန်မှာ "အရသာအပေါ် တပ်မက်မှုနဲ့ ချည်နှောင်ခံထားရပြီးသား တိဿဟာ သူ့ရဲ့ ရဟန်းအကျင့်ကို ခဏချိုးဖောက်ပြီး အတွင်းခန်းထဲကို ဝင်သွားပါတယ်။ အဲဒီမှာ ကျွန်မက သူ့ကို လာရောက်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြပြီး နောက်ဆုံးမှာ တိဿကို ရဟန်းဘဝကနေ စွန့်လွှတ်စေပြီး လူဝတ်ပြန်လဲစေခဲ့ပါတယ်။
တိဿဟာ သာသနာ့ဘောင်ထဲ ဝင်လာပြီး စည်းကမ်းတင်းတင်းကျပ်ကျပ် နေထိုင်တဲ့ ရဟန်းတစ်ပါး။ သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားတဲ့အခါ ငွေနဲ့ မဆွဲဆောင်ခဲ့ဘူး။ အာဏာနဲ့ မဖိအားပေးခဲ့ဘူး။ အတင်းအကျပ်လည်း မခေါ်ခဲ့ဘူး။ သူနှစ်သက်တဲ့ အစားအစာရဲ့ အရသာကို အသုံးပြုပြီး တဖြည်းဖြည်း ချည်နှောင်ခဲ့တာပါ။ တစ်နေ့တစ်နေ့ အရသာကောင်းတဲ့ အစားအစာတွေ ဆက်လက်ပေးရင်း သူ့ရဲ့ စိတ်ကို အဲဒီရသနဲ့ ရင်းနှီးလာစေတယ်။ နောက်ဆုံးမှာ ရသတဏှာရဲ့ ချည်နှောင်မှုကြောင့် မိမိကျင့်သုံးနေတဲ့ အကျင့်ကို ချိုးဖောက်ပြီး လူဝတ်ဘဝကို ပြန်သွားရတဲ့အထိ ဖြစ်ခဲ့တယ်။
အစားအစာက ခဏလေးပဲ လျှာပေါ်မှာ ရှိတယ်။ အရသာကလည်း ခဏပဲ။ ဒါပေမယ့် အဲဒီခဏတာအရသာကို ပြန်ရချင်တဲ့ စိတ်ကတော့ နောက်ထပ်တစ်ကြိမ်၊ နောက်ထပ်တစ်ကြိမ်ဆိုပြီး ပြန်ဖြစ်လာတတ်တယ်။
စားချင်လို့ စားတာကနေ
ကြိုက်လို့ စားတာဖြစ်လာတယ်။
ကြိုက်လို့ စားတာကနေ
မစားရရင် မနေနိုင်တာ ဖြစ်လာတယ်။
အဲဒီအချိန်မှာ အစားအစာက ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာမဟုတ်တော့ဘဲ ကိုယ်က မထိန်းနိုင်တော့တဲ့ အရာတစ်ခု ဖြစ်လာတတ်တယ်။
ကျွန်တော်တို့ နေ့စဉ်ဘဝထဲမှာပဲ အရသာနောက်ကို လိုက်ပြီး ကိုယ့်ကိုယ်ကို ဆုတ်ယုတ်စေနိုင်တယ်။ အရသာကောင်းတယ်ဆိုတဲ့ အစားအစာကို အလွန်အကျွံစားရင်း ကိုယ်အလေးချိန်တက်လာတယ်။ အဝလွန်လာတယ်။ကိုယ်လက်လှုပ်ရှားမှု နည်းလာတယ်။ ကျန်းမာရေးပြဿနာတွေ တဖြည်းဖြည်း ပေါ်လာတယ်။
ဒီနေ့ခေတ်လို အလွယ်တကူ ရွေးချယ် စားသောက်လို့ ရတဲ့ခေတ်မှာ ပိုပြီး စိန်ခေါ်မှုဖြစ်လာတယ်။ အစားအစာကို ကျွန်တော်တို့က လိုက်ရှာစရာမလိုတော့ဘူး။ Delivery နဲ့ဆို လက်ထဲကိုတန်း ရောက်လာတာပဲ။
အဲ့ဒီအဆင်သင့်ဖြစ်မှုဟာ သာမန်ထက် ပိုစားဖြစ် လာတယ်။ အဲ့အချိန်မှာ တစ်ခုခု စားတော့မယ်ဆိုရင်
“ငါ ဗိုက်ဆာလို့ စားတာလား?”
“ငါ့ခန္ဓာကိုယ်အတွက် လိုအပ်လို့ စားတာလား?”
“အချိန်ရောက်လာလို့ စားတာလား?”
“ဒါမှမဟုတ် အရသာကို မက်မောလို့ စားတာလား?” ဆိုတာမျိုး သတိနဲ့ ဆင်ခြင် ဖို့ လို လာတယ်။
လူက ဖောင်းဖောင်းလေး ဖြစ်နေတယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းတယ်၊ အစားလေးတွေကို တယုတယလေး ရှာစား မိနေတယ် ဆိုရင် အပေါ် ကပြောတဲ့ အချက်လေးတွေ ပြန်မေး ဖြစ်လာတယ်။
ကျွန်တော့်မှာ လက်ရှိဖြစ်နေတဲ့ ဝေသနာ၊ရောဂါ တွေထဲက ဒူးနာတာ၊ သွေးတွင်း ကိုလက်စထရော များတာ၊ ခါးနာတာ၊ မောနေတတ်တာ တွေရဲ့ အရင်းခံက နှစ်ရှည်လများ စားခဲ့တဲ့ အစားကျူးတဲ့ အလေ့အထတွေ၊ ကျွပ်ကျွပ်ဝါးပြီး စားကောင်းတဲ့ ဆီကြော်စာတွေ၊ ခေတ်အဆက်ဆက် စားသုံးခဲ့ရတဲ့ စစ်ဆေးစီစစ်မှု မရှိတဲ့စားသုံးဆီတွေ၊ ချဉ်ချဉ်ငံငံစပ်စပ်တွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်လာတယ်လို့ ဆင်ခြင်မိတယ်။ရှေ့လျောက်တော့ ယိုယွင်းပျက်စီးနေပြီ ဖြစ်တဲ့ခန္ဓာကိုယ်လေးကို ပြန်လည်ထိန်းကျောင်းဖို့ အစာကိုသတိထား စားရမယ်၊ ရသတဏာကိုသတိထား စောင့်ကြည့်ထိန်းသိမ်းမယ်။ ဆီကြော်စာတွေ၊ အမြန်ရတဲ့ fast food တွေ လျှော့ပြီး ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အစားအစာတွေဘက်ကို ပြောင်းစားဖို့ ကြိုးစားမယ်။
အစာမစားခင်
"ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊
လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊
ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊
မမောပန်းငြား၊ ဘုရားသာသနာ၊
ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊
ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊
ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊
မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊
သုံးဆောင်မှီဝဲ ပါသတည်း။" ဒါလေး ရွတ်ပြီး
"ငါ အခုစားမယ့်အစာကို ဘာကြောင့်စားတာလဲ" လို့ ဆင်ခြင်မယ်။
ကိုယ်က ကြိုက်ပါတယ်ဆိုတဲ့ အရသာလေးတွေကို စွဲပြီးအလွန်အကျူး စားမိရင်တော့ လက်ရှိပိုင်ဆိုင်ထားတဲ့ ကျန်းမာနေသေးတဲ့ခန္ဓာကိုယ် အရင်းလေးက အချိန်မတန်ခင်အလျင်အမြန် ပိုမိုယိုယွင်းတော့မှာပဲ လို့သတိမူမယ်။
ဒါကြောင့် ကြိုက်တာလေးတွေ ကို ကြာကြာစားရအောင်၊
ကျန်းမာနေတဲ့ အရင်းလေးကို အချိန်မတန်ခင် မယိုယွင်းရအောင်၊
အစာကိုသင့်တင့်မျှတအောင် စားဖို့ ကြိုးစားရပါမယ်။
ရသာကို ခံစားမယ်။
ဒါပေမယ့် ရသာရဲ့နောက်ကို မလိုက်ဘူး။
စားဖို့လိုတာကို စားမယ်။
လိုတာထက်ပိုပြီး စားချင်တဲ့စိတ်ကိုတော့ ပြန်ဆင်ခြင်ပါမယ်။
ဌေးမောင်
05Sep2026


Comments
Post a Comment