အောင်စိတ် ပျောက်ဆုံးခြင်း


 အောင်စိတ် ပျောက်ဆုံးခြင်း

လူတစ်ယောက်ဟာ မအောင်မြင်တာတွေ များလာတဲ့အခါ အောင်မြင်ခြင်းရဲ့ အရသာကို မေ့ပျောက်လာတတ်တယ်။ဒါဟာ တစ်ကြိမ်၊ နှစ်ကြိမ် မအောင်မြင်တာကြောင့် အားလျော့သွားတာမျိုး မဟုတ်ဘူး။ အဖန်ဖန် မအောင်မြင်မှုတွေ ကြုံလာရင်း မပြီးမြောက်တာ၊ မအောင်မြင်တာတွေကို ကိုယ့်ရဲ့ အကျင့်အလေ့အထတစ်ခုလို လက်ခံလာမိတာ ဖြစ်တတ်တယ်။

ကြိုးစားတိုင်း မဖြစ်လာတာတွေ များလာတဲ့အခါ “ငါလုပ်လည်း ဖြစ်မှာမဟုတ်ဘူး”ဆိုတဲ့အတွေးက တဖြည်းဖြည်း ဝင်လာတယ်။အဲဒီအတွေးက ကြိုးစားချင်စိတ်ကိုပဲ မပျောက်စေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို လေးစားမှု (self-respect) တွေပါ တဖြည်းဖြည်း ထိခိုက်လာစေတယ်။ နောက်ဆုံးမှာ မအောင်မြင်တာထက် မကြိုးစားတော့တာက ပိုကြီးတဲ့ပြဿနာ ဖြစ်လာတယ်။

ဒီအတွေးတွေကနေ ပြန်ပြီးထရပ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ယုံကြည်လာအောင်၊ ကိုယ့်ကိုယ်ကို ပြန်လေးစားလာအောင် တည်ဆောက်ဖို့ လိုပါလိမ့်မယ်။

Self-respect ကို တည်ဆောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ လို့ ပြောရုံ၊ မနက်နိုးလာတိုင်း လက်တွေ့မကျတဲ့ affirmation တွေရွတ်ဆိုနေရုံနဲ့တော့ မရပါဘူး။

ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာ ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတွေကို ကိုယ်တိုင် ပြန်တည်ဆောက်နိုင်လာတဲ့အခါ ပြန်ရလာတာမျိုး ပါ။

ဥပမာ

“မနက်ဖြန် ၁၀ မိနစ်စာ ဖတ်မယ်” ဆိုရင် ၁၀ မိနစ်ဖတ်မယ်။

“ဒီနေ့ လေ့ကျင့်ခန်း ၁၅ မိနစ်လုပ်မယ်” ဆိုရင် ၁၅ မိနစ်လုပ်မယ်။

“ဒီအလုပ်လေးကို ဒီနေ့ပြီးအောင်လုပ်မယ်” ဆိုရင် ပြီးအောင်လုပ်မယ်။

အဲဒီလို သေးသေးလေးတွေကို ကိုယ်တိုင်ပြောပြီး ကိုယ်တိုင်လုပ်နိုင်လာတာ က ကိုယ့်စိတ်ထဲမှာ

“ငါပြောထားတာကို ငါလုပ်နိုင်တယ်။”

ဆိုတဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ပေးတယ်။

ဒီလို ပြန်လည်ရုန်းထဖို့ ကြိုးစားနေချိန်မှာ အောင်မြင်မှုကြီးကို မလိုက်နဲ့

“အောင်မြင်မှုကြီးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်သက်သေပြဖို့ မလိုဘူး။ သေးသေးလေးတွေနဲ့ စတင်လို့ရတယ်။”

စာအုပ်တစ်အုပ်လုံး ဖတ်ဖို့ မလိုဘူး။ 

တစ်နေ့ ၅ မျက်နှာ ဖတ်နိုင်တယ်။

Project ကြီးတစ်ခု ပြီးအောင်လုပ်ဖို့ မလိုဘူး။

Task လေးတစ်ခု ပြီးအောင်လုပ်နိုင်တယ်။

ဘဝတစ်ခုလုံးကို ပြောင်းလဲဖို့ မလိုဘူး။

ဒီနေ့တစ်နေ့ကို မနေ့ကထက် နည်းနည်းပိုကောင်းအောင် နေနိုင်တယ်။

အဲဒီ သေးသေးလေး အောင်မြင်မှုတွေ စုပေါင်းလာတဲ့အခါ “ငါလုပ်နိုင်တယ်” ဆိုတဲ့စိတ်က ပြန်ပေါ်လာတယ်။

အဲဒီကနေ self-respect ကို ပြန်တည်ဆောက်လို့ရတယ်။

ဒီအောင်မြင်မှုသေးသေးလေးတွေကို တစ်ခုချင်းစီ စုဆောင်းပြီး ကိုယ့်ထဲမှာ ပျောက်ဆုံးနေတဲ့ အောင်စိတ်ကို ပြန်လည်နှိုးဆွသင့်တယ်။ အောင်မြင်မှုဆိုတာ တစ်ခါတည်းနဲ့ ကြီးကြီးမားမား ရလာဖို့ မလိုပါဘူး။ တစ်နေ့တာမှာ ကိုယ်ပြောထားတဲ့ ကတိလေးတစ်ခုကို တည်နိုင်တာ၊ မနေ့က မလုပ်နိုင်ခဲ့တာလေးတစ်ခုကို ဒီနေ့လုပ်နိုင်လာတာ၊ မလုပ်ချင်ပေမယ့် လုပ်သင့်တာလေးကို လုပ်ဖြစ်လိုက်တာ ဒါတွေလည်း အောင်မြင်မှုတွေပါပဲ။

အဲဒီအောင်မြင်မှုလေးတွေကို အထင်မသေးမိပါနဲ့။ (ဒါတွေရဲ့ ပြောင်းပြန် ကျဆုံးမှု၊ မအောင်မြင်မှု၊ မပြီးမြောက်မှု သေးသေးတွေကပဲ အောင်စိတ်ကို‌ပျောက်စေခဲ့တာပါ။)

ဘာကြောင့်လဲဆိုတော့ အဲဒီအရာလေးတွေကပဲ တစ်နေ့မှာ “ငါလုပ်နိုင်တယ်” ဆိုတဲ့ ကိုယ့်ရဲ့စိတ်ကို ပြန်တည်ဆောက်ပေးမှာမို့ပါ။ 

ကျရှုံးမှုက ကိုယ့်တန်ဖိုးကို မသတ်မှတ်ပါဘူး။ ကိုယ်ကျရှုံးပြီးနောက် ဘယ်လိုပြန်ထလာသလဲက ကိုယ့်ကို ပြန်တည်ဆောက်ပေးတာ။


ဌေးမောင်

23Aug2026

Comments