အခွင့်အရေးကို ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်ပါစေ

တစ်ခါတလေ ကိုယ့်ဘဝမှာ အခွင့်အရေးမရဘူးလို့ ထင်မိတတ်တယ်။

“ငါ့ကိုသာ အခွင့်အရေးတစ်ခုပေးရင်…”

“အခွင့်အရေးကောင်းတစ်ခု ရောက်လာရင်…”

“အခြေအနေကောင်းလာရင် ငါလုပ်မယ်…”

ဆိုပြီး အခွင့်အရေးတစ်ခုကို စောင့်နေမိတတ်တယ်။

ဒါပေမယ့် တစ်ခါတလေ ပြန်စဉ်းစားကြည့်ဖို့ လိုတယ်။

တကယ်ပဲ အခွင့်အရေးမရခဲ့တာလား။

ဒါမှမဟုတ်-

အခွင့်အရေး ရောက်လာခဲ့ပေမယ့် ကိုယ်က အဲဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ အဆင်သင့်မဖြစ်သေးတာလား။

အခွင့်အရေးဆိုတာ ကိုယ်လိုချင်တဲ့နေ့၊ ကိုယ်အဆင်သင့်ဖြစ်တဲ့နေ့ကို စောင့်ပြီးမှ ရောက်လာတတ်တာ မဟုတ်ဘူး။

တစ်ခါတလေ ကိုယ်မမျှော်လင့်ထားတဲ့အချိန်မှာ ရောက်လာတတ်တယ်။

“ဒီအလုပ်ကို လုပ်နိုင်မလား”

“ဒီတာဝန်ကို ယူနိုင်မလား”

“ဒီ project မှာ ပါဝင်နိုင်မလား”

ဆိုပြီး အခွင့်အရေးတစ်ခု ရုတ်တရက် ရောက်လာတဲ့အချိန်မှာ-

Bicycle

ကိုယ်က မသိသေးဘူး။

မလုပ်တတ်သေးဘူး။

မပြင်ဆင်ထားသေးဘူး။

ယုံကြည်မှုလည်း မရှိသေးဘူး။

အဲဒီအချိန်မှာ အခွင့်အရေးက ကိုယ့်ရှေ့မှာ ရှိနေပေမယ့် ကိုယ်မဆုပ်ကိုင်နိုင်ဘူး။

အခွင့်အရေးမရှိလို့ မဟုတ်ဘူး။

ဆုပ်ကိုင်ဖို့ လက်က အဆင်သင့်မဖြစ်သေးလို့ ဖြစ်နိုင်တယ်။

ဒါကြောင့် အခွင့်အရေးကို စောင့်နေရုံနဲ့ မလုံလောက်ဘူး။

အခွင့်အရေး မလာသေးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့ လိုတယ်။

မသိသေးတာကို လေ့လာထားရမယ်။

လုပ်မတတ်သေးတာကို လေ့ကျင့်ထားရမယ်။

အားနည်းနေတဲ့အပိုင်းတွေကို ဖြည့်ထားရမယ်။

ကိုယ့်ကိုယ်ကို ယုံကြည်နိုင်အောင် အတွေ့အကြုံလေးတွေ စုထားရမယ်။

ဘာကြောင့်လဲဆိုတော့—

အခွင့်အရေးရောက်လာတဲ့နေ့မှာ စပြီးပြင်ဆင်ဖို့ အချိန်မရှိနိုင်ဘူး။

တံခါးပွင့်လာတဲ့အချိန်မှာ ဝင်ဖို့ အသင့်ဖြစ်နေဖို့ လိုတယ်။

အခွင့်အရေးဆိုတာ လူတိုင်းဆီကို တူညီတဲ့ပုံစံနဲ့ မရောက်လာဘူး။

တစ်ယောက်အတွက်တော့ အလုပ်အသစ်တစ်ခု ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်တော့ လူတစ်ယောက်နဲ့ တွေ့ဆုံခွင့်တစ်ခု ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်တော့ ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြဖို့ project တစ်ခု ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်တော့ “ဒီတာဝန်ကို ယူမလား” ဆိုတဲ့ မေးခွန်းလေးတစ်ခုသာ ဖြစ်နိုင်တယ်။

အဲဒီအချိန်မှာ—

“မလုပ်တတ်သေးဘူး”

လို့ ပြောရမလား၊

“မလုပ်ဖူးသေးပေမယ့် လုပ်ကြည့်မယ်”

လို့ ပြောနိုင်မလားဆိုတာက အရင်က ကိုယ် ဘယ်လောက် ပြင်ဆင်ထားခဲ့လဲဆိုတာနဲ့ ဆိုင်တယ်။

တစ်ခါတလေ အခွင့်အရေးကို ဆုပ်ကိုင်နိုင်တဲ့သူတွေက ပိုတော်လို့သာ မဟုတ်ဘူး။

သူတို့က အခွင့်အရေးမလာခင်ကတည်းက ပြင်ဆင်နေခဲ့လို့ ဖြစ်တယ်။

တခြားလူတွေ အခွင့်အရေးကို စောင့်နေတဲ့အချိန်မှာ သူတို့က လေ့လာနေခဲ့တယ်။

တခြားလူတွေ “တစ်နေ့နေ့တော့…” လို့ ပြောနေတဲ့အချိန်မှာ သူတို့က သေးသေးလေးတွေ စလုပ်နေခဲ့တယ်။

ဒါကြောင့် အခွင့်အရေးရောက်လာတဲ့အချိန်မှာ သူတို့အတွက် အဲဒါက ရုတ်တရက် ဖြစ်လာတဲ့ အရာတစ်ခု မဟုတ်တော့ဘူး။

အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာရဲ့ အချိန်ကျလာခြင်းပဲ ဖြစ်တယ်။

ကိုယ့်ဘဝမှာလည်း အခုလက်ရှိ အခွင့်အရေးကြီးတစ်ခု မရှိသေးရင်တောင် စိတ်မပျက်သင့်ဘူး။

ဒီနေ့ လေ့လာနေတဲ့အရာလေးတစ်ခု။

ဒီနေ့ ဖတ်လိုက်တဲ့ စာမျက်နှာအနည်းငယ်။

ဒီနေ့ လေ့ကျင့်လိုက်တဲ့ skill လေးတစ်ခု။

ဒီနေ့ ပြီးအောင်လုပ်လိုက်တဲ့ အလုပ်သေးသေးလေးတစ်ခု။

ဒါတွေအားလုံးက အခုချက်ချင်း ဘာမှ မပြောင်းလဲသလို ထင်ရနိုင်တယ်။

ဒါပေမယ့် တစ်နေ့မှာ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကို ရောက်လာတဲ့အခါ—

အဲဒီသေးသေးလေးတွေ စုပုံထားခဲ့တာက ကိုယ့်ကို

“ဟုတ်တယ်၊ ငါလုပ်နိုင်တယ်”

လို့ ပြောနိုင်အောင် ကူညီပေးလိမ့်မယ်။

အခွင့်အရေးကို မစောင့်နဲ့လို့တော့ မဟုတ်ဘူး။

အခွင့်အရေးကို စောင့်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားပါ။

အခွင့်အရေးက ဘယ်နေ့လာမလဲ ကိုယ်မသိနိုင်ဘူး။

ဒါပေမယ့် အဲဒီနေ့ ရောက်လာတဲ့အခါ—

“ငါ အဆင်သင့်မဖြစ်သေးဘူး”

ဆိုပြီး ပြန်လွှတ်လိုက်ရမယ့်အစား—

“Give me a chance.”

လို့ ပြောနိုင်ဖို့၊

ကိုယ်က အရင်ကတည်းက ပြင်ဆင်ထားဖို့ လိုတယ်။

အခွင့်အရေးက လူတိုင်းဆီ ရောက်လာမယ်လို့ မပြောနိုင်ဘူး။

ဒါပေမယ့်-

အခွင့်အရေးတစ်ခု ရောက်လာတဲ့အချိန်မှာ
ဆုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။

Be ready to grab the chance.

ဌေးမောင်

16Sep26

Comments

Popular posts from this blog

လိင်ကိစ္စဟာ သဘာဝပါ

ရသာ စွဲစွဲ၊ အရင်း ဆုတ်ဆုတ်

မိသားစုထမင်းဝိုင်း